ကျောက်ဖြူမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်/ ကျေးအတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ

Printer-friendly versionSend by email

ကျောက်ဖြူမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်/ ကျေးအတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ

ကျောက်ဖြူ အောက်တိုဘာ ၂၅

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်/ ကျေးအတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက အထက(ခွဲ) အလက(၂) မြို့မကျောင်း၌ ဖွင့်လှစ်ပို့ချကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် မဲရုံအဖွဲ့၏ တာဝန်ဝတ္တရားများ၊ မဲဆန္ဒရှင်များမဲပေးခြင်း၊ မဲရုံတည်နေရာ အခင်းအကျင်းနှင့် မဲပေးမည့်နေရာတွင်ကြိုတင်ပြင်ဆင်မှုများ၊ ခိုင်လုံမဲ၊ ပယ်မဲ၊ ရွေးကောက်ပွဲနေ့လုံခြုံရေး၊ မဲရုံးသုံးပုံစံများ၊ မဲရေတွက်ခြင်းနှင့် ထုပ်ပိုးခြင်း စရှိသည့်အကြောင်းအရာများကို သင်တန်းဆရာ ခုနစ်ဦးတို့မှ သင်တန်းသား၊ သင်တန်းသူ ၈၄ ဦးတို့အား စာတွေ့ လက်တွေ့ ဆွေးနွေးပို့ချပြသပေးမည် ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချလျက် ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကျောက်ဖြူမြို့နယ်၌ မဲဆန္ဒနယ် အမှတ် (၁)တွင် မဲရုံ ခုနစ်ရုံ၊ မဲဆန္ဒနယ် အမှတ် (၂) တွင် မဲရုံ ၂၁ ရုံ စုစုပေါင်း မဲရုံ ၂၈ ရုံရှိကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာအတွက် မဲဆန္ဒနယ် အမှတ် (၁)တွင် ငါးဦး၊ မဲဆန္ဒနယ် အမှတ် (၂) တွင် ငါးဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာအတွက် ခြောက်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအတွက် ငါးဦး၊ ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအတွက် ကိုးဦး စုစုပေါင်းကိုယ်စားလှယ်လောင်း ၃၀ တို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသိရသည်။