ရခိုင်ပြည်နယ် ကျောက်တစ်လုံး IDP စခန်းတွင် နေထိုင်သူများအားပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပ

Printer-friendly versionSend by email
ရခိုင်ပြည်နယ် ကျောက်တစ်လုံး IDP စခန်းတွင် နေထိုင်သူများအားပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပ
 
နေပြည်တော် ဒီဇင်ဘာ ၂၁
 
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းတွင် နေထိုင်သူများအား ပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် Virtual Meeting စနစ်ဖြင့် ကျင်းပသည်။
 
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် IDP စခန်း ကိုယ်စားလှယ်များ အွန်လိုင်းမှ တက်ရောက်ကြသည်။
 
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက်ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု များ ရရှိစေရန် မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာများနှင့်အညီ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က ဒေသခံလူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြပါကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာသည် ပြည်တွင်း၊ ပြည်ပ သဘောတူညီချက်ရရှိထားပြီး တစ်နိုင်ငံလုံးအတွက် ချမှတ်ထားသော မဟာဗျူဟာဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် အတွက်သာမက ကချင်၊ ကရင်၊ ချင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ပြည်တွင်းနေရပ် စွန့်ခွာရသူများ ပြန်လည်နေရာချထားနိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ မဟာဗျူဟာအရ လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းအတွက် နိုင်ငံတကာပညာရှင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါကြောင်း။
 
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်တော်၊ ပေါက်တောနှင့် မြေပုံမြို့နယ် ငါးမြို့နယ်မှ ကညင်တော၊ ကျောက်နီမော် (ကမန်)၊ နိဒင်၊ မင်းသာဖ၊ တောင်ပေါ် စသော စခန်း ငါးခုမှ လူဦးရေ ၄၆၈၆ ဦးကို ပြန်လည်နေရာချထားပေးပြီး စခန်းများပိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းနှင့် ပတ်သက်၍ လိုအပ်သည့် စီမံချက်ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့်လည်း ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာအရ ပြည်နယ်အဆင့်ကော်မတီကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ကျောက်တစ်လုံး IDP စခန်း ပိတ်သိမ်းနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့က စခန်းနေ နေရပ်စွန့်ခွာရသူများနှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပါကြောင်း၊ UEHRD က ကိုယ်စားလှယ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူ များကလည်း ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြပါကြောင်း။
 
ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်တွင်လည်း တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရမူဖြင့် နေရပ်စွန့်ခွာသူများအတွက် ဦးစားပေးစဉ်းစားခဲ့ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အထူးစီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောင်ရွက်ဆဲ MCCT အစီအစဉ်အရ စခန်းများရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားသော နှစ်နှစ်အောက် ကလေးငယ်များအား ထပ်ဆောင်းထောက်ပံ့ခဲ့ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကလည်း CERP အစီအစဉ်အရ IDP စခန်းများတွင် အိမ်ထောင်စု(၁)စုကို တစ်ကြိမ်လျှင် ငွေကျပ် ၄၀၀၀ဝ နှုန်းဖြင့် ထောက်ပံ့ခဲ့ပါကြောင်း၊ ဆက်လက်၍ နိုင်ငံတကာ အလှူရှင်များ၏ ထောက်ပံ့မည့်အစီအစဉ်များကိုလည်း ချမှတ်ထားပြီးဖြစ်ပါကြောင်း၊ စခန်းနေ နေရပ်စွန့်ခွာသူများ အနေဖြင့် မဟုတ်မမှန် အထင်အမြင်လွဲမှားနိုင်သည့် ကောလာဟလ သတင်းများ၊ သွေးထိုးနှောင့်ယှက်မှုများကို နားယောင်နေပါက လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခက်ခဲနိုင်ပါကြောင်း၊ စခန်းနေ နေရပ်စွန့်ခွာသူများ၏ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများရှိရန် အရေးကြီးပါကြောင်း၊ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးပေး ကြစေလိုပါကြောင်း ပြောကြားသည်။
 
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်အတွင်းရှိ လက်ရှိအခြေအနေများနှင့် IDP စခန်း ပိတ်သိမ်းရေးဆောင်ရွက်ရာတွင် စခန်းနေ နေရပ်စွန့်ခွာသူများ၏ သဘောဆန္ဒများကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဒေသခံ လူမှုအသိုင်းအဝိုင်းက လက်ခံနိုင်ရန်လည်းလိုအပ်သဖြင့် အကြိမ်ကြိမ်ဆွေးနွေးမှုများ အချိန်ယူပြုလုပ်ခဲ့ပြီး ညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊ စခန်းပိတ်သိမ်းရေး ကြိုးပမ်းမှုနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးစားပေးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြေယာကိစ္စများ ဖြေရှင်းဆောင်ရွက်ပြီးပါက ပြန်လည်နေရာချထားမည့် နေရာပတ်ဝန်းကျင်တွင် အဝေးပြေးယာဉ်ရပ်နားစခန်းတစ်ခု တည်ဆောက်ရေးနှင့်အတူ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်အကောင် အထည်ဖော် မည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုကြောင့် လုပ်ငန်းကြန့်ကြာမှုများ တွေ့ရှိနေရကြောင်း ပြောကြားသည်။
 
ဆက်လက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ပြန်လည်နေရာချထားရေး အတွက် ကွင်းဆင်းညှိနှိုင်းဆောင်ရွက်မှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
 
ထို့နောက် ကျောက်တစ်လုံး IDP စခန်းရှိ နေရပ်စွန့်ခွာသူကိုယ်စားလှယ်များက ၎င်းတို့၏အခက်အခဲများ၊ ပြန်လည်နေရာချထားရေးအတွက် ဆန္ဒသဘောထားများကို ထုတ်ဖော်ဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် အမြဲတမ်းအတွင်းဝန် တို့က မဟာဗျူဟာပါ လုပ်ငန်းစီမံချက်များသည် ဒေသအလိုက်၊ စခန်းများအလိုက် လိုအပ်ချက်အရ ဆောင်ရွက်ရသည်ဖြစ်၍ ကျောက်ဖြူမြို့ ကျောက်တစ်လုံး IDP စခန်း၏ လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်ပြီး ညှိနှိုင်းဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ စခန်းရှိ နေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး မှီခိုမှုကင်းသောဘဝများကို ပြန်လည် တည်ဆောက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကြသည်။
 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ကြခြင်းသည် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များအတွက် အထောက်အကူ ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် မဟာဗျူဟာအရ ပြန်လည်နေရာချထားရေး၊ စခန်း ပိတ်သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပူးတွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ဘေးကင်း လုံခြုံရေးတို့ကို ထည့်သွင်းစဉ်းစား ဦးစားပေးဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဆွေးနွေးသူများက မိမိတို့၏ ယူဆချက်များကို တရားသေစွဲကိုင်ထားခြင်းမရှိဘဲ အပြုသဘောဆောင်သည့် ဘုံသဘောတူညီချက် တစ်ခုရရှိရန် ကြိုးစားညှိနှိုင်းကြရန် လိုအပ် ကြောင်း၊ ယခုလုပ်ငန်းစဉ်သည် ချက်ချင်းပြီးစီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ခက်ခဲသော်လည်း မိမိတို့ရည်မှန်းထားသည့် ဒေသဖွံ့ဖြိုးရေးကိစ္စများကို စဉ်ဆက်မပြတ် ဦးစားပေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရ၏ သဘောထားအမှန်၊ စာနာနားလည်မှု၊ စနစ်တကျ ရေရှည်တည်တံ့မည့် ပူးပေါင်းစီမံဆောင်ရွက်မှုများဖြင့် အမျိုးသားအဆင့် မဟာဗျူဟာနှင့်ညီညွတ်သော ကျောက်တစ်လုံး IDP စခန်း ပြန်လည်နေရာချထားရေးနှင့် ပိတ်သိမ်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်းနှင့် အချိန်ယူ၍ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။