ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

Printer-friendly versionSend by email

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၂၃

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆန်ဟွာနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ အစိုးရ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိရာ ထိုပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြသည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်း လိုအပ်လျက်ရှိသော လူမှုသဟဇာတဖြစ်ရေး၊ အခြေခံလူ့အခွင့်အရေးများရရှိရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မကြာသေးမီက ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှတစ်ဆင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများနှင့် တိုက်ပွဲရှောင် ပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့မှုများနှင့် အဆိုပါပစ္စည်းများကို ရခိုင်ပြည်နယ် အစိုးရမှတစ်ဆင့် သက်ဆိုင်သူများထံသို့ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်နေမှုများ၊ ဆက်လက်ပူးပေါင်းကူညီမည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

KOICA အနေဖြင့်လည်း အခြားမဲခေါင်ဒေသနိုင်ငံများ ဖြစ်သည့် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများတွင် မိုင်းအန္တရာယ် ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အကူအညီများ မြောက်မြားစွာ ပေးအပ်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်များတွင် အကူအညီများ တိုးမြှင့်ပေးအပ်နိုင်ရေး၊ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC) စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နေမှုများနှင့် ပိုမိုပူးပေါင်းကူညီရန် အစီအစဉ်များ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ AHA Centre နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်ခဲ့သည့် ကနဦးလိုအပ်ချက်ဆန်းစစ် လေ့လာခြင်းအစီရင်ခံစာကို ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ထိုအစီရင်ခံစာပါ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အာဆီယံ-ကိုရီးယား ရန်ပုံငွေမှတစ်ဆင့် FM ရေဒီယိုများ ဖြန့်ဝေပေးခြင်းဆိုင်ရာ စီမံချက်တစ်ခုကို ငွေကြေးထောက်ပံ့ပေးမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် လူမှုသဟဇာတမျှတရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ KOICA တို့နှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။