နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့

Printer-friendly versionSend by email

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိကျင်းပသည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ်ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်ခဲ့ပြီးနောက် နေပြည်တော်သို့ ယနေ့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ပိုင်းတွင်Exhibition Centre II, BEXCO ၌ ကျင်းပပြုလုပ်သည့် ASEAN-ROK CEO Summit ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ASEAN-ROK Culture Innovation Summit ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး “Growing with Art” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ဘူဆန်နိုင်ငံခြားဘာသာသင်တက္ကသိုလ်၌ မြန်မာ ဘာသာအထူးပြုသင်ယူနေကြသည့် ကိုရီးယားကျောင်းသူ ကျောင်းသားများနှင့် ဘူဂယောင်းအမျိုးသားတက္ကသိုလ်၌ ပညာ ဆည်းပူးနေကြသော မြန်မာ ကျောင်းသူ ကျောင်းသားများနှင့်တွေ့ဆုံကာ စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ သည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Exhibition Centre II, BEXCO ၌ ကျင်းပသည့် ASEAN-ROK CEO Summit တွင် “ New Partnership for Co-Prosperity of Korea and ASEAN Businesses” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး ညနေပိုင်းတွင် Cruise Grand Ballroom, Hilton Busan ၌ ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာ မွန်ဂျေအင်းက အာဆီယံ နိုင်ငံခေါင်းဆောင်များအား တည်ခင်းသည့် ကြိုဆိုဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်း တွင် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီး အစည်းအဝေးသို့ တက်ရောက် ခဲ့သည်။ ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင် များက ပြီးခဲ့သည့်နှစ်ပေါင်း (၃၀)ကာလ အတွင်း အာဆီယံနှင့်ကိုရီးယားသမ္မတ နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ပြန်လည်သုံးသပ်ပြီးနောက် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်မည့် အလား အလာများကို လည်းကောင်း၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သာယာဝပြောရေးတို့အတွက် ပေါင်းစည်းဆက်သွယ်မှုပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ ကြသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ASEAN-ROK Startup Summit သို့ တက်ရောက်ပြီး Innovation Showcase 2019 ကို လှည့်လည်ကြည့်ရှုသည်။

 

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Nurimaru APEC House တွင် ကျင်းပသော ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေး ကိစ္စရပ်များကို ဆွေးနွေးသည့် ခေါင်းဆောင်များ၏ သီးသန့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Westin-Chosun ဟိုတယ်၌ သမ္မတ မစ္စတာမွန်ဂျေအင်းနှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။ ယင်းသို့ တွေ့ဆုံ ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် သမ္မတ မစ္စတာမွန်ဂျေအင်း၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ အကြား သဘောတူညီခဲ့သောကိစ္စရပ်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှု အခြေအနေများ၊ ယဉ်ကျေးမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အခြေခံအဆောက်အဦနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ အပါအဝင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်သွားရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးတက် ခိုင်မာစေရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကိုရီးယား EPS စနစ်ဖြင့် မြန်မာ အလုပ်သမားများ ပိုမိုတိုးမြှင့် ခေါ်ယူရေး၊ ကိုရီးယားယဉ်ကျေးမှုကို စိတ်ဝင်စားသူ မြန်မာ လူငယ်များအား K-Wave Academy မှ ကူညီပံ့ပိုးပေးရေးနှင့် ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းတွင် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံဖွင့်လှစ်ရေး ကိစ္စရပ်များ ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သမ္မတ မစ္စတာ မွန်ဂျေအင်း နှင့်အတူ နှစ်နိုင်ငံအကြား “ရေလုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ”၊ “နည်းပညာနှင့် သက်မွေးဝမ်းကျောင်းပညာ ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ” နှင့် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ”များ လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက် ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ASEAN Culture House သို့ သွားရောက်၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့၏ ပြခန်းများကို လေ့လာကြည့်ရှုပြီးနောက် ညနေပိုင်းတွင် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေး၏ ကြိုဆိုဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်း တွင် ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ခေါင်းဆောင်များက အတူတကွ သာယာဝပြောရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဲခေါင်နိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့၏ ဇီဝမျိုးစုံမျိုးကွဲ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးပြပွဲသို့ လေ့လာကြည့်ရှုသည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများနှင့် စာစန်းခရိုင်ခန်းမ၌ တွေ့ဆုံကာ မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာအလုပ်သမားများ၏ မေးမြန်းချက်များကို ဖြေကြားပေးခဲ့သည်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် “ကိုရီးယားအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး နေ့(၂၀၁၉)” အခမ်းအနား သို့ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ကိုရီးယားသမ္မတ နိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့အကြား ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding on Development Cooperation) ကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ (၅)နိုင်ငံ တို့မှ တက်ရောက်လာကြသော ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့သည်။ ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် (၅)နိုင်ငံတို့သည် အဆိုပါနားလည်မှု စာချွန်လွှာမှတစ်ဆင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍ၊ အဆင့်မြင့်ပညာရေးကဏ္ဍ၊ စစ်ပွဲများမှ ကျန်ရှိခဲ့သည့် ပေါက်ကွဲစေနိုင်သောပစ္စည်းများ ရှင်းလင်းရေးကဏ္ဍ၊ အဆင့်မြင့်မြို့တော်များတည်ဆောက်ရေးကဏ္ဍနှင့် ဒေသတွင်း ပေါင်းစပ် ဆက်သွယ်မှုမြှင့်တင်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွား မည်ဖြစ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အခမ်းအနားတွင် “ပြည်သူကို ဗဟိုပြုသည့် ပြည်ပဖွံ့ဖြိုးရေးအကူအညီ”ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။

 

အာဆီယံ-ကိုရီးယားဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီး အစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေးတို့အပြီးတွင် ငြိမ်းချမ်းရေး၊ သာယာဝ ပြောရေးနှင့် မိတ်ဖက်ဆက်ဆံရေးတို့အတွက် အာဆီယံ-ကိုရီးယား ပူးတွဲမျှော်မှန်းချက် ဆိုင်ရာ ကြေညာချက်(ASEAN-ROK Joint Vision Statement for Peace, Prosperity and Partnership)၊ အာဆီယံ- ကိုရီးယား အထိမ်းအမှတ်ထိပ်သီးအစည်းအဝေး ပူးတွဲဥက္ကဋ္ဌများ၏ ကြေညာချက် (Co-chairs Statement on the ASEAN-ROK Commemorative Summit) နှင့် မဲခေါင်-ဟန်မြစ် ကြေညာချက် (Mekong-Han River Declaration) တို့ကို ထုတ်ပြန်ခဲ့သည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါခဲ့ကြသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်