မြွေဆိပ်ဖြေဆေးစက်ရုံသစ်နှင့် ဆေးဝါးနှင့် ကုန်ကြမ်းများကို သိုလှောင်နိုင်သည့် Warehouse ရက် ၁၀၀ စီမံချက်တွင် ဖွင့်လှစ်မည်



မေ ၁၅
စက်မှုဝန်ကြီးဌာန ဆေးဝါးစက်ရုံ (အင်းစိန်) မှ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ တည်ဆောက်ထားသည့်မြွေဆိပ်ဖြေဆေးစက်ရုံသစ်နှင့် WHO က ချမှတ်ထားသည့် ကောင်းမွန်သောသိုလှောင်မှု ကျင့်စဉ် (GSP Guide Line) နှင့်အညီ ဆေး ဝါးနှင့် ကုန်ကြမ်းများကို သိုလှောင်နိုင်သည့် Ware House အသစ်ကို ရက် ၁၀၀ စီမံချက်တွင် ဖွင့်လှစ်သွားမည့်အပြင် ဆေးဝါးထုပ်ပိုးမှု ပုံစံကိုလည်း နိုင်ငံတကာအဆင့်မီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါစက်ရုံမှ သိရသည်။
ရက် ၁၀၀ အတွင်း ဆေးဝါးထုတ်လုပ်မှုကို နှစ်ဆတိုး ထုတ်လုပ်သွားမယ်။ မြွေဆိပ် ဖြေဆေးကိုလည်း ပြည်ပပို့နိုင်အောင် ဒီနှစ်က စပြီး ဆောင်ရွက်သွားမယ်။ ပြည်သူတွေ ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်အောင်ရယ် စက်ရုံကထုတ်တဲ့ တချို့ဆေးတွေကို ပြည်ပကလာတဲ့ ဆေးတွေရဲ့ ထုပ်ပိုးမှုပုံစံအတိုင်း အဆင့်မီအောင်လုပ်သွားမယ်။ ကျန်တဲ့ဆေး တွေကိုလည်း လာမယ့်ခြောက်လအတွင်း ထုပ်ပိုးမှုပုံစံ ပြောင်းသွားမယ် ”ဟု စက်ရုံမှူး ဦးကိုကိုအောင်က ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ကောက်ယူထားသော စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် နှစ်စဉ် မြွေကိုက်ခံရသည့်လူနာ ၁၅၀၀၀ ခန့်ရှိပြီး ၂၀၁၂ ခုနှစ်ထိ မြွေဆိပ်ဖြေဆေး အလုံးရေ ၂၇၀၀၀ ခန့်သာ ထုတ်လုပ်နိုင်ခဲ့ သည့်အတွက် ဆေးဝါးလိုအပ်ချက်ရှိခဲ့ရာမှ ယခု GMP နှင့်အညီ တည်ဆောက်လိုက်သည့် မြွေဆိပ်ဖြေဆေးစက်ရုံသစ်မှ တစ်နှစ် လျှင် မြွေဆိပ်ဖြေဆေးအလုံးရေ ၈၀၀၀၀ ခန့် ထုတ်လုပ်နိုင်တော့မည်ဖြစ်၍ မြွေဆိပ် ဖြေဆေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်သည့်အပြင် ပိုလျှံသည့် မြွေဆိပ် ဖြေဆေးများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ သွားမည်ဖြစ်ကြောင်း ဆေးဝါး စက်ရုံ (အင်းစိန်) မှ သိရသည်။
“အရင်က မြွေကိုက်ခံရတဲ့လူနာတွေ အတွက် မြွေဆိပ်ဖြေဆေး မလုံလောက်တာကို အိမ်နီးချင်း တိုင်းပြည်တွေက တင်သွင်းရတယ်။ အဓိကပြဿနာက အဲဒီနိုင်ငံမှာရှိတဲ့ မြွေရဲ့အဆိပ်နဲ့ ဒီနိုင်ငံမှာရှိတဲ့မြွေက မျိုးစိတ်မတူဘူး။ မတူတဲ့အခါ သူတို့ထုတ်ထား တဲ့ မြွေဆိပ် ဖြေဆေးက ထိုးသော်လည်း အစွမ်းထက် မထက် အာမ မခံနိုင်ဘူး။ တိုင်းပြည်မှာ လိုအပ်တဲ့ မြွေဆိပ်ဖြေဆေးကို ထုတ်လုပ်နိုင်ဖို့ မြွေဆိပ်ဖြေဆေးစက်ရုံ သစ်ကို တည်ဆောက် လိုက်ရတာပါ ”ဟု စက်ရုံမှူး ဦးကိုကိုအောင်က ပြောသည်။
ဆေးဝါးစက်ရုံ (အင်းစိန်) ကို ၁၉၅၈ ခုနှစ် တွင် စတင်တည်ဆောက်ခဲ့ပြီး ထိုးဆေး၊ အကြောသွင်းဆေးရည်၊ ဆေးမှုန့်၊ ဆေးရည် ကြည်၊ ကာကွယ်ကုသဆေးများ စသည့် ဆေးအမျိုးပေါင်း ၁၇၉ မျိုး ထုတ်လုပ်လျက်ရှိ ပြီး လက်ရှိပြောင်းလဲလာသည့် အခြေအနေများတွင် ပြည်သူလူထုကိုအခြေပြုသည့် ဆေးဝါးများကို တိုးချဲ့ထုတ်လုပ် နိုင်ရန် နိုင်ငံတကာအဆင့်မီ စက်ရုံသစ်များကို တိုးချဲ့သွားမည် ဖြစ်ကြောင်း ဆေးဝါး စက်ရုံ (အင်းစိန်) မှ သိရသည်။
မြွေဆိပ်ဖြေဆေးစက်ရုံဟောင်းကို ၂၀၁၅ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပြီး မြွေဆိပ်ဖြေဆေး စက်ရုံသစ်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကြောင်း ၂၀၁၅ ခုနှစ် တွင် စက်များတပ်ဆင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ လတွင် စက်များစမ်းသပ် လည်ပတ် ခဲ့ကြောင်း သိရသည်။
ဆေးဝါးစက်ရုံ(အင်းစိန်)မှ ထုတ်လုပ်သည့် ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနများသို့ အဓိက ဖြန့်ဖြူးပေးသည့်အပြင် စက်ရုံအရောင်း ကိုယ်စားလှယ်များမှတစ်ဆင့် ဈေးကွက် အတွင်းသို့လည်း ဖြန့်ဖြူးနေကြောင်း သိရ သည်။
ဆေးဝါးထုတ်လုပ်မည့် ကုန်ကြမ်းများနှင့် ထုတ်လုပ်ပြီး ထွက်လာသည့် ဆေးများကို အရည်အသွေးပြည့်မီစွာ သိုလှောင်ထားနိုင် ရန်အတွက် WHO က ချမှတ်ထားသည့် GSP Guide Line နှင့်အညီ ဆေးများကို သတ်မှတ်ထားသည့် အပူချိန်နှင့် စိုထိုင်းဆ ကို ထိန်းသိမ်းနိုင်ရန် အလျား ပေ ၃၀၀၊ အနံ ပေ ၂၀၀၊ အမြင့်ပေ ၅၀ ရှိသည့် အလို အလျောက် ကွန်ပျူတာစနစ်ဖြင့် သွင်းနိုင်၊ ထုတ်နိုင်မည့် Warehouse ကို လည်း ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း စက်ရုံမှသိရသည်။
“သာမန်အခန်းအပူချိန်မှာ ထားမယ် ဆိုရင် ပူပြင်းတဲ့ရာသီဥတုကြောင့် ဆေးအာနိသင် အနည်းအများ ထိခိုက်မယ်။ ဒီနိုင်ငံက မိုးများတဲ့တိုင်းပြည်ဆိုတော့ စိုထိုင်းဆ များ တယ်။ ဆေးကုန်ကြမ်း၊ ကုန်ချောတွေ မှိုတက်တဲ့ သက်ရောက်မှုရှိမယ်။ မှိုတက်ရင် ဆေးအရည်အသွေးကို ထိခိုက်မယ်။ ဒါ့ကြောင့် WHO က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း အတိုင်း GSP နဲ့အညီ ဆေးတွေကို သတ်မှတ် ထားတဲ့ အပူချိန်နဲ့ စိုထိုင်းဆကို ထိန်းသိမ်းနိုင်ဖို့ Warehouse ဖွင့်လှစ်သွားတာပါ” ဟု စက်ရုံမှူး ဦးကိုကိုအောင်က ပြောသည်။
“အဓိက ရင်ဆိုင်ရတဲ့အခက်အခဲက ပြည်သူလူထုအတွက်ရည်ရွယ်ပြီး ဆေးထုတ်တော့ အကျိုးအမြတ်က ရည်ရွယ်လို့မရဘူး။ အတိမ်းအစောင်းလည်းမခံဘူး။ လူတွေ ကို ကယ်ဖို့အတွက် ထုတ်ရတဲ့ကုန်ပစ္စည်း ဖြစ်တယ်။လွယ်လွယ်ကူကူ အချိန်တိုအတွင်းမှာ ရင်းနှီးမြှုပ်နှံပြီး အမြတ်ရလွယ်တဲ့ လုပ်ငန်းလည်း မဟုတ်ဘူး။ လူ့အသက်ကို ကယ်ဖို့ ဆေးဝါးထုတ်လုပ်ရတဲ့အတွက် နည်းပညာ လည်းမြင့်တယ်။ အတိမ်းအစောင်းလည်း မခံဘူး။ အမြဲတမ်းစဉ်ဆက်မပျက်ထုတ်တဲ့ ဆေးတွေကို အရည်အသွေးပိုင်းမှာ အာမခံ နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ရတယ်။ လွယ်လွယ်ကူကူတော့ မဟုတ်ဘူး။ နေ့စဉ်နှင့်အမျှ အခက်အခဲတော့ရှိတယ်”ဟု ၎င်းက ဆက် လက်၍ ပြောသည်။
ထို့အတူ ဆေးဝါးစက်ရုံ (အင်းစိန်) အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် စစ်ပင်မြောက်ကျေးရွာတွင် တည်ဆောက်ထားသည့် ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) အသည်းရောင် အသားဝါဘီ ကာကွယ်ဆေးစက်ရုံမှလည်း ရက် (၁၀၀) စီမံချက် တွင် အသည်းရောင်ဘီ ကာကွယ်ဆေးကို အရည်အသွေးပြည့်မီ ဈေးနှုန်း ချိုသာစွာဖြင့် လူတိုင်းထိုးနိုင်ရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တိုးချဲ့ထုတ်လုပ် သွားမည် ဖြစ်ကြောင်း အဆိုပါစက်ရုံမှသိရသည်။
မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ ဘီပိုးသည် တစ်ဆယ်ရာခိုင်နှုန်း အမြဲပျံ့နှံ့ နေပြီးကလေးမွေးပြီးချင်း မွေးကင်းစကလေးငယ်များတွင် ရောဂါကူးစက်နိုင်ခြေများ သည့်အတွက် ကာကွယ်ဆေးထိုးရန် အထူးလိုအပ်ကြောင်း ဒေါက်တာခင်ခင်ထွေး ကပြောသည်။
“အဓိက ကလေး ဒို့စ်အတွက် ရည်ရွယ် ပြီး ထုတ်လုပ်သွားမယ်။ လူကြီး ဒို့စ်က နှစ်စဉ် တစ်သိန်းကျော်ကနေ သုံးသိန်းလောက်အထိ ထုတ်တယ်။ ကလေးဒို့စ်အတွက်ကို မနှစ် ကနေ စရတာဆိုတော့ ဒီနှစ်ကစပြီး ကလေးဒို့စ်ကို တိုးပြီးထုတ်ဖို့ ရည်ရွယ်ထား တယ်”ဟု အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးစက်ရုံ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) စက်ရုံ တာဝန်ခံ ဒေါက်တာခင်ခင်ထွေးက ပြောသည်။
ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး) အသည်း ရောင် အသားဝါဘီ ကာကွယ်ဆေးစက်ရုံမှ Pentavalent Vaccine ငါးမျိုးစပ်ဆေးကို WHO GMP လက်မှတ်ရထားသည့် LG ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ပြီး ပြည်တွင်းသို့ လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရန် အပြင် အိမ်နီးချင်းနိုင်ငံများကိုပါ ဖြန့်ဖြူးသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါစက်ရုံတည်ဆောက်စဉ်အခါက ကလေးဒို့စ်အတွက် ရည်ရွယ်တည်ဆောက်ခဲ့ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လူကြီးဒို့စ်သာ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်မှစတင်ပြီး မွေးကင်းစမှ (၅) နှစ်အထိ ထိုးနှံရန် အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးကို ကလေးဒို့စ် အတွက် အဓိက ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးစက်ရုံမှ သိရသည်။