(၈) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် နှစ်ဖက်ကိုယ်စားလှယ်များ ဆောင်ရွက်လျက်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေး တို့ မီဒီယာများနှင့်တွေ့ဆုံ

Printer-friendly versionSend by email

(၈) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် နှစ်ဖက်ကိုယ်စားလှယ်များ ဆောင်ရွက်လျက်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေး တို့ မီဒီယာများနှင့်တွေ့ဆုံ



ရန်ကုန် ဖေဖော်ဝါရီ ၃

(၈) ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရေးအတွက် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များ (NCA-S EAO) ၏ နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် က ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ကျင်းပခဲ့သည်။

အစည်းအဝေး အပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေး တို့က အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာ များကို ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

နှစ်ရက်တာအစည်းအဝေးရလဒ် နှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်မှာ ကျင်းပခဲ့တဲ့ (၈) ကြိမ်မြောက် JICM အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ညှိနှိုင်းတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ဆွေးနွေး တဲ့အခါမှာ JICM အစည်းအဝေး ဆုံးဖြတ်ချက်တွေ အားလုံးဘယ်လို အကောင်အထည်ဖော်မလဲဆိုတာ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ သဘောတူညီချက် (၃) ချက် ရပါ တယ်။

သဘောတူညီချက် သုံးချက် ကတော့ NCA အခန်း (၃)၊ အခန်း (၄)၊ အခန်း (၆) နဲ့ ပတ်သက်လို့ နှစ်ဖက် အလုပ်အဖွဲ့တွေ တွေ့ဆုံဖို့ ဖေဖော် ဝါရီ ၁၆ ရက်မှာတွေ့ဖို့ သဘောတူ ပါတယ်။ ပြီးရင် ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်မှာ ယခုတွေ့ဆုံတဲ့ အလုပ် အဖွဲ့ပဲ ပြန်ပြီးတွေ့ပါမယ်။

နောက်တစ်ခုကတော့ NCA နဲ့ ပတ်သက်လို့ ဝေါဟာရတွေနဲ့ နားလည်မှုတွေကို ဘုံအဓိပ္ပာယ် ဖွင့်ဆိုချက်တွေရရှိအောင် အလုပ် အဖွဲ့ကို JICM အစည်းအဝေးမတိုင် ခင်မှာ ကျွန်တော်တို့ တွေ့ဆုံဖို့ ဆိုပြီးတော့ သဘောတူညီနိုင် ခဲ့တယ်။ နောက်မှတ်တမ်းနှစ်ခုပေါ့။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို သွားတော့မယ်ဆိုရင် National Dialogue (အမျိုးသား အဆင့်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ) တွေ မလုပ်ရသေးတဲ့ အဖွဲ့တွေရှိတယ်။ ဒီအဖွဲ့တွေလုပ်ဖို့ ကျွန်တော်တို့ အဆို ပြုတယ်။ နောက်တစ်ချက် ကတော့ Public Consultation လုပ်ချင်တာ တွေလည်း အဆိုပြုတယ်။ ဒါကတော့ EAOs တွေဘက်က အဆိုပြုတာပါ။ ဒါတွေကတော့ မှတ်တမ်းအနေနဲ့ ရလဒ်ရပါတယ်” ဟု ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေး မကျင်းပခင် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် လူထု တွေ့ဆုံမှုများ ဆောင်ရွက်သွားနိုင်မှု ရှိ၊ မရှိမေးမြန်းမှုကို ဦးဇော်ဌေးက “ဒီနေ့ ဆွေးနွေးတာ အရင်တုန်းက အတိုင်း National Dialogue လုပ်ဖို့ သဘောတူထားတယ်။ အကြောင်း ကြောင်းကြောင့် မလုပ်ဖြစ်ခဲ့တာ RCSS ရှိတယ်။ ကျွန်တော်တို့ လင်းခေး မှာလုပ်ဖို့ သဘောတူထားပြီးပြီ။ ညီလာခံကို သွားမယ်ဆိုရင် RCSS အနေနဲ့ မဖြစ်မနေ လုပ်ရမယ့် သဘောရှိတယ်။ ကျွန်တော်တို့က JICM ဆုံးဖြတ်ချက်အရ ဒီနှစ် ပထမလေးလ အတွင်းမှာပဲ ညီလာခံလုပ်ဖို့ သဘော တူထားတယ်။ ဒီညီလာခံရောက်ဖို့ အတွက် National Dialogue ကို သူတို့ (RCSS) က ဘယ်အချိန်မှာ လုပ်ဖို့အဆင်ပြေမလဲဆိုတာကို အဆို ပြုတယ်။ အခုကျင်းပတာ အလုပ် အဖွဲ့အစည်းအဝေး ဖြစ်တဲ့အတွက် National Dialogue နဲ့ဆိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ဆိုင်တဲ့ ကိစ္စတွေကြရင် UPDJC မှာ တင်ပြီး ဆုံးဖြတ်ချက်ယူရမှာ ဖြစ်တယ်” ဟု ဖြေကြားသည်။

NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေးက “National Dialogue ကိုတော့ မလုပ်ရသေးတဲ့ RCSS က ဦးဆောင်ပြီးလုပ်မယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေမှာ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ပြီးတဲ့ အဖွဲ့အစည်းတွေရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့ တစ်မျိုးသားလုံးဆိုင်ရာ သဘောထား စုစည်းချက်အနေနဲ့ ကိုယ့်ဒေသမှာ လုပ်ဖို့တော့ အဆိုပြု ထားပါတယ်။ ကိုယ့်ဒေသ၊ ကိုယ့် နေရာ၊ ကိုယ့်ဝန်းကျင်မှာလုပ်ဖို့ စဉ်းစားထားတာပေါ့။ ဒါကတော့ အဆိုပြုချက်ပါ” ဟု ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ကျင်းပသွားမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် လုံခြုံရေးဆိုင်ရာပေါင်းစည်းရေးကိစ္စ အား ထည့်သွင်းဆွေးနွေးဖို့ရှိ၊ မရှိဟု သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးဇော်ဌေးက “NCA အကောင် အထည်ဖော်မှု မူဘောင်မှာလည်း အစိုးရအနေနဲ့ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းကို အဆိုပြု သလို နောက်တစ်ချက်က အခြေခံမူ သဘောတူညီမှုတွေ ရတဲ့အခါမှာ လည်း အစိုးရဘက်က အဆိုပြုတာက တစ်ခုတည်းသော တပ်မတော်နဲ့ NCA စာချုပ်မှာပါတဲ့ တိုင်းရင်းသားလူမျိုးများပူးပေါင်းပါဝင်တဲ့ ပြည်ထောင်စု တပ်မတော် ဆိုတဲ့ ကိစ္စရပ်တွေရှိတယ်။ NCA မှာလည်း အတိအလင်း ဆွေးနွေး ဖို့ မှတ်တမ်းထားတာတွေ ရှိတယ်။ အဲဒါတွေ ကျွန်တော်တို့ ဆွေးနွေးဖို့ လိုအပ်တယ်ဆိုတာ အစိုးရက အဆိုပြု တယ်။ အသေးစိတ်ဆွေးနွေးမှုတော့ မရှိသေးဘူး။ အစိုးရဘက်က ဒါတွေ..ဒါတွေ ဆိုပြီးတင်တယ်။ EAOs တွေ ဘက်ကလည်း ဒါတွေ..ဒါတွေ ဆိုပြီး တင်တယ်။ အဲဒီအပေါ်မှာ ကိုယ့်အစု အဖွဲ့နဲ့ကိုယ် ပြန်ပြီးဆွေးနွေးဖို့ ရှိတယ်။ ဆွေးနွေးပြီးရင်တော့ ပြန်လာပြီး ကျွန်တော်တို့ နောက် တစ်ကြိမ်ကျရင်တော့ အသေးစိတ် ဆွေးနွေးဖို့ ရှိတယ်” ဟု ပြောသည်။

နိုင်အောင်မငေးက “လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စက အစိုးရက တင်ပြတဲ့ အဆိုပြု ချက်ပါ။ ဒီကိစ္စခေါင်းစဉ်သီးသန့်ကို ကျွန်တော်တို့ PPST မှာ ပြန်တင်ပြ မယ်။ ဒါကလည်း လမ်းပြမြေပုံမှာ အဆင့်တစ်ခုအနေနဲ့ ရှိပြီးသား ဆိုတော့ PPST မှာ ပြန်ပြီးတော့ တင်ပြဆွေးနွေးသွားမယ်” ဖြေကြားသည်။

NCA လက်မှတ်ရေးထိုးထား ခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်လာရေး အတွက် အစိုးရနှင့် NCA-S EAO များ သဘောတူညီမှု ရရှိသည်ဆိုသည့် အချက်နှင့်ပတ်သက်၍ ဦးဇော်ဌေးက “လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်လာရေးဆိုတာက ကျွန်တော် တို့က ညီလာခံတိုင်း ညီလာခံတိုင်းမှာ ဖိတ်ကြားတယ်။ ဒါပေမယ့် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ အတူတူတော့ အခွင့်အရေးရှိမှာ မဟုတ်ဘူး။ အချို့အရာတွေကို သူတို့ (NCA လက်မှတ်မထိုးထားသည့် အဖွဲ့ များ) လေ့လာလို့ရတယ်။ ဆွေးနွေးပွဲ တွေမှာ ဘယ်လိုတွေ Debate လုပ်နေ တာဆိုတာကို သူတို့တွေ့တယ်။ အချို့ လည်း လေ့လာတယ်။ အချို့လည်း မလေ့လာဘူးပေါ့။ နောက်တစ်ချက် ကတော့ ကျွန်တော်တို့ အရင်တုန်းက ဆိုရင် Framework Review Meeting (မူဘောင်ပြန်လည် သုံးသပ်ခြင်း အစည်းအဝေး) တွေရှိတယ်။ အဲဒီ အခါကျ Review မှာ ပါဝင်ပြီး Owner- ship (ပိုင်ဆိုင်မှု) ရအောင် NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကို ဖိတ်ကြားခဲ့တာတွေ ရှိတယ်။ အချို့ လည်းတက်တယ်။ အချို့လည်း မတက်ဘူး။ လာတက်တဲ့အတွက် လုပ်ကိုင်ဆောင်ရွက်နေတဲ့ အပေါ်မှာ သူတို့သည် သူတို့ရဲ့ Ownership တစ်စုံတစ်ရာရရင် ပူးပေါင်းပါဝင်လာ နိုင်ဖို့ဆိုတဲ့ မျှော်မှန်းချက်နဲ့ ဖိတ်တာ ဖြစ်တယ်။ လာမယ့်အစည်းအဝေး တွေမှာလည်း Framework Review Meeting လိုမျိုး ဖိတ်ဖို့ရည်မှန်းထား တယ်။ နောက်ညီလာခံလို အရာမျိုး ကျရင်လည်း UPDJC မှာ ဆွေးနွေး ပြီး သဘောတူညီမှုရရင် ဖိတ်ကြား သွားဖို့ ရှိပါတယ်”ဟု ဖြေကြား ခဲ့သည်။